နောင်ချိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

နောင်ချို မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်  ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစည်သူလင်းက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီအနေဖြင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်နှင့် ဖြစ်ပေါ်ပြီးချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပြင်ဆင်ထားရှိရန်၊ ပြည်သူများအား အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက မြို့နယ်အတွင်း သတ်မှတ်ထားသည့် စုရပ်များတွင် လာရောက် ပေါင်းစည်းနိုင်စေရေး၊ ပျက်စီးဆုံးရှုံးမှု သတင်းအမှန်ရရှိစေရေး၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီရောက်ရှိစေရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားကြရန်စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်ပိုင်ထွန်းက သဘာဝဘေးဖြစ်ပေါ် လာပါကအားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဖြစ်ပေါ်မီ ကြိုတင်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးကြိုတင် ကာကွယ်ရေး ကော်မတီဝင် သက်ဆိုင်ရာဌာနများမှ မိမိတို့ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များ၊ လူမှုကူညီရေးအသင်းများနှင့်  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)