အလုံ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးပိုစတာများချိတ်ဆွဲခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် အများမြင်သာသည့်နေရာများတွင် အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်မှုတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ချောင်းကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေးကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန်စသည့်များကို အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို( ပြန်/ဆက်)