မိုးကုတ် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ရပ်/ ကျေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ ဖွဲ့စည်းထားပြီးဖြစ်ရာ အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေး အစီအမံများ စနစ်တကျ ပြုလုပ်ထားရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ လူ့အသက် အိုးအိမ်/စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မိုးလေဝသသတင်းအပေါ်မူတည်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို သီးခြားစုဖွဲ့ထားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာကော်မတီဝင်များအလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)