စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် တုံပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စဉ့်ကူး  မေ  ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများလျော့ပါးစေရန် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာရုံးများရှိ အရေးကြီးစာရွက်စာတမ်းများအား လုံခြုံစိတ်ချမည့်နေရာတွင် ထားရှိရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီများအနေဖြင့် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် သစ်ပင်၊ အဆောက်အဦများပြိုလဲခြင်းတို့ ဖြစ်ပေါ်လာပါက ရှင်းလင်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ ဖွဲ့စည်းထားရှိရေး၊ အောက်ဆီဂျင်များ လုံလောက်စွာထားရှိရေး၊ ယာယီခိုလှုံရာနေရာများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ ဆက်သွယ်ရေးလုပ်ငန်းများ ပြတ်တောက်မှုမရှိစေရေး၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ စီစဉ်ထားရှိရေး စသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ စုပေါင်းဆောင်ရွက်ကြရမည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက် )