ကျောက်မဲ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင်အသွားအလာ ကန့်သတ်ထားသည့်ဒေသခံ ယာဉ်မောင်းများ ကို ယနေ့ မနက်ပိုင်းက ဓါတ်ခွဲ နမူနာ (နှာခေါင်း/ အာခေါင် တို့ဖတ်) ရယူခဲ့ပြီး ဓါတ်ခွဲအဖြေရယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းများသည် ကျောက်မဲမြို့အနီးတစ်ဝိုက်တွင် ပြေးဆွဲနေသည့် ကုန်တင် ယာဉ်မောင်း များဖြစ်ကြပြီး ၎င်းတို့၏ ဓါတ်ခွဲအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်ပါက ယင်းတို့အား Home Quarantine အဖြစ် အိမ်တွင် ၇ ရက် ထပ်မံ၍ အသွားအလာ ကန့်သတ် ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စတင်၍ ကျောက်မဲသို့ ကုန်အတင်၊ အချ ပြုလုပ်မည့် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းများကို မြို့အဝင် ခိုမုန်းကျေးရွာ စာသင်ကျောင်းတွင် အသွားအလာ ကန့်သတ် ထားပြီး ယာဉ်မောင်း လဲလှယ်စေ၍ ကုန်အတင်အချ ပြုလုပ်သည့် စနစ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၃ ရက်နေ့က စပြီး ကျောက်မဲမြို့အနီး၌ ပိတ်မိနေသည့် အခြားတိုင်း /ပြည်နယ်မှ ယာဉ် မောင်းများနှင့်ယာဉ်နောက်လိုက်များကို ခိုမုန်း ကျေးရွာရှိ စစ်ဆေးရေးဂိတ်(Check Point-2)အနီးတွင် Test Kits ဖြင့် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း/ယာဉ်နောက်လိုက် စုစုပေါင်း ၉၁ ဦးအနက်မှ မိတ္ထီလာ ဘက်မှ လာသော ယာဉ်နောက်လိုက် ၁ ဦးတွင် ပိုးတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)