တပ်ကုန်းမြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

တပ်ကုန်း မေ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကြက်ခြေနီ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက  အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ (Talk Show) အစီအစဉ်တွင်  တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေတို့က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီအသင်းကြီးရဲ့ ရည်ရွယ်ချက်များ၊ မေလ ၈ ရက် နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်တဲ့အကြောင်းအရင်းများ၊ မြို့နယ်ကြက်ခြေနီအသင်းကြီး လက်ရှိဆောင်ရွက်ပေးတဲ့လုပ်ငန်းများ စသည့်မေးခွန်းများ ကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်