မိုင်းယောင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယောင်း မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ခင်းကျင်း ပြသသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များနှင့် မိမိနှင့်အတူရှိရမည့် အရေးပေါ်သုံးပစ္စည်းများ အကြောင်း တို့ကို ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအန္တရာယ်လျော့ပါးရေး ပညာပေး စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း