တောင်ဥက္ကလာပမြို့နယ်တွင် Community Based Facility Quarantine Center အသစ် (၂)ခု ထပ်မံ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Community Based Facility Quarantine Center အသစ် (၂)ခု ထပ်မံဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၂) ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၃) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများအား Community Based Facility Quarantine Center အဆောင်များအဖြစ် ထားရှိမည်ဖြစ်ပြီး အဆိုပါ ကျောင်းအဆောင်များ၏ ပတ်ဝန်းကျင်သန့်ရှင်းစေရန်၊ လေဝင်လေထွက် ကောင်းစေရန်နှင့် အလင်းရောင် ရစေရန် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း အပြင် အဆောင်အတွင်း၌လည်း သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်မှုများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ‌ရေး ကော်မတီမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေထက်အောင်