မိုင်းခုတ်မြို့၌ စျေးရောင်းစျေးဝယ်သူများ လိုက်နာရမည့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပိုစတာစိုက်ထူခြင်း ဆောင်ရွက်

မိုင်းခုတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် စျေးရောင်းစျေးဝယ်သူများ လိုက်နာရမည့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့ရုံးစည်ပင်သာယာရေးဌာန၊ တာဝန်ခံ ဦစိုင်းဆိုင်ဟိန်းနှင့်ဝန်ထမ်းတို့က လက်ကမ်းစာစောင်များ ကို မြို့အတွင်းရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များသို့ လိုက်လံဖြန့်ဝေပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ အသိပေးကြေညာချက်များအား လမ်းဆုံလမ်းထောင့်များတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဈေးဝယ်သူများအနေဖြင့် ဈေးဝယ်ရာတွင် အချိန်ကြာမြှင့်စွာ ဝယ်ယူမှုမပြုလုပ်ရန်၊ မိသားစုတစ်စုလျှင် တစ်ဦးသာဈေးဝယ်ထွက်ရန်၊ ဈေးဝယ်ရန် နေအိမ်ပြင်ပထွက်ပါက Mask တပ်ဆင်ရန်၊ မိမိနေအိမ်သို့ ပြန်ရောက်ပါက လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန်၊ ဝယ်ယူ လာသောပစ္စည်းများအား အိတ်အတွင်းမှ ထုတ်၍ ခြင်းတောင်းသို့ပြောင်းထည့်ပြီး အိမ်အတွင်းသို့ယူဆောင် ရန်နှင့် ဈေးရောင်းချသူများအနေဖြင့် ဖျားနာ၊ချောင်းဆိုး၊ နှာချေ၊ အနံ့အရသာပျောက်ဆုံးနေပါက ဈေးရောင်း မထွက်ရန်၊ Mask တပ်ဆင်ရောင်းချရန်၊ ဈေးဝယ်သူများ အသုံးပြုနိုင်ရန် ဆပ်ပြာနှင့် ရေထားရှိရန် စသည့် အချက်များ ပါဝင်ကြောင်းသိရသည်။

စိုးတင့်(ပြန်/ဆက်)