မြောက်ဦး မေ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာ ဗုဒ္ဓပူဇေနိယပွဲတော်တွင် ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေလ ၆ ရက်နေ့က အောင်တပ်ရပ်ကွက် ပြိုင်လောင်း(လှေလှော်) မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သျှစ်သောင်းဂေါပကဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင် အသင်းသားများ ပြိုင်ပွဲစည်းကမ်းနှင့်အညီဝင်ရောက်ယဉ်ပြိုင်ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် နောင်နှစ်မှာတွင်လည်း ယခုထက် ပိုမိုစည်စည်ကားကား ကျင်းပနိုင်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၁၂ လံ လှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ဆူးရာဇ်ချောင်းအသင်းက လည်းကောင်း၊ ဒုတိယဆုကို အောင်မင်္ဂလာအသင်းက လည်းကောင်း၊ ၈ လံ လှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ဆူးရာဇ်ချောင်းအသင်းကို လည်းကောင်း၊ ဒုတိယဆုကို ပြွန်တိုအသင်းကလည်းကောင်း၊ ၆ လံ လှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ဒိုင်းကျီ(ခ)အသင်းလည်းကောင်း၊ ဒုတိယဆုကို ဒိုင်းကျီ(က)အသင်းကလည်းကောင်း အသီးသီးရရှိကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြိုင်လောင်းပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီးနောက် ယိမ်းအကအဖွဲ့က “ငါရို့ရခိုင်သား” တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပြိုင်လောင်း(လှေလှော်)ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် ၁၂ လံ လှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ကျပ် (၃၀) သိန်း၊ ဒုတိယဆုကို ကျပ် (၂၈) သိန်း၊ ၈ လံလှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ကျပ် (၂၅) သိန်း၊ ဒုတိယဆုကို ကျပ် (၂၃) သိန်း၊ ၆ လံလှေလှော်ပြိုင်ပွဲတွင် ပထမဆုကို ကျပ် (၂၀) သိန်း၊ ဒုတိယဆုကို ကျပ် (၁၈) သိန်းတို့ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲများသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သျှစ်သောင်း ဂေါပကဥက္ကဋ္ဌ ဦးစောရွှေမောင်နှင့်အဖွဲ့ဝင်များ၊ ပြိုင်လောင်းကျင်းပရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)