မူဆယ်မြို့သို့ ဝင်ရောက်လာကြသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိ/မရှိကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

 

မူဆယ်  အောက်တိုဘာ ၅

မြန်မာနိုင်ငံ၊ နေရာအနှံ့ဒေသများမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသမူဆယ်မြို့သို့ ဝင်ရောက် လာကြ သည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်၊ (OHC) တိုးဂိတ် အနီးရှိ အသောကဆီဆိုင်အဟောင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုရှိ/မရှိကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က (Tastkit)စနစ်ဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ လိုအပ်သည့် ထောက်ပံ့ မှုများကို မူဆယ်ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ မူဆယ်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မူဆယ်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်တိုင်းကို နေ့စဉ်နှင့် အမျှ ကျန်းမာရေး စစ်ဆေး မှုများကို စနစ်တစ်ကျစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူ မူဆယ်မြို့မှ မြန်မာနိုင်ငံ၊ ပြည်တွင်း အနှံ့သို့ ပြည်လည်ထွက်ခွာမည့် ကုန်တယ်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကိုလည်း ကျန်းမာရေး စစ်ဆေး မှုများ စနစ်တစ်ကျဆောင်ရွက်ပြီးမှသာလျှင် ပြန်လည်စေလွှတ် သွားမည်ဖြစ် သည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ သံယရရှိလူနာများနှင့် ရောဂါပိုးတွေ့ရှိသည့် လူနာများ စစ်ဆေး တွေ့ရှိပါက သက်ဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ် သလို စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မူဆယ်မြို့ သို့ ဝင်ရောက်နိုင်ရန်အတွက် ဆက်လက်ခွင့်ပြုသွားမည်ဖြစ်သည်။

(Tastkit)စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုရှိ/မရှိကျန်းမာရေးစစ်ဆေးဆောင်ရွက်သည့် နေရာသို့ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ မူဆယ်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ဦး၊ မြန်မာ့ အာမခံ လုပ်ငန်း၊ ခရိုင်တာဝန်ခံဦးအောင်မျိုးထွန်း၊ မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဟန်နိုင်စိုး၊ ခရိုင်ပို့/ဆက်မှ ဦးစီးအရာရှိဦးစိုင်းအေးကျော်၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှ ခရိုင်ဦးစီးအရာရှိဦးအယ်လ်စိုးထန်တူး၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)ဒုတိယရဲမှူးချစ်စိန်နှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မူဆယ်မြို့၊(၁၀၅)မိုင်မှ တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေး မှုများ ဆောင်ရွက် ရာ၌ လိုအပ်သည့် ထောက်ပံ့မှုများကို ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)