ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၏ စုပေါင်းလှူဒါန်းငွေများကို  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၏ စုပေါင်းလှူဒါန်းငွေများကို ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်း ပေးခဲ့ကြကြောင်းသိရသည်။

အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းမိသားစု၏ စုပေါင်းလှူဒါန်းငွေကျပ် ဆယ်သိန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းထံသို့ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော် ကျော်ဌေးနှင့် ဆရာ၊ ဆရာမများက လည်းကောင်း၊  မြို့နယ် အခြေခံပညာဦးစီးဌာနဝန်ထမ်းမိသားစု၏ စုပေါင်းလှူဒါန်း ငွေသုံးသိန်းငါးသောင်း ငါးထောင်ကျပ်နှင့် လမုတန်းကြီးကျောင်းအုပ် ဆရာမကြီး ဒေါ်ဆွေတဲနှင့် ဆရာ၊ ဆရာမများက စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်တစ်သိန်း တို့ကို မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်နွဲ့နွဲ့နှင့် ဆေးရုံမှတာဝန်ရှိသူများထံသို့ တာဝန်ရှိသူများက လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများမရှိစေရေး အတွက် မြို့နယ်ပြည်သူ့ဆေးရုံ၊ တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာကျောင်းလေးကျောင်းတို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း(၄)ခုတို့ကိုဖွင့်လှစ်ကာ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးရုံးရှိဝန်ထမ်းများနှင့် မြို့နယ် အတွင်း အခြေခံပညာကျောင်း(၁၄၇)ကျောင်းတို့တွင် တာဝန်ထမ်းဆောင်နေကြသော အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ စုပေါင်းကာ အလှူငွေများကိုစုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)