မိုင်းပန်မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Automatic Temperature Detector များထားရှိ၍ အပူချိန်တိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မိုင်းပန်                    အောက်တိုဘာ                  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် (၁ဝ) နာရီအချိန်ခန့်က စတင်၍ ခရီးသွားပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လက်ဆေး စေရန်အတွက် Automatic Temperature Detector နှင့် Automatic Sensor Soap Dispenser များအသုံးပြု၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့အဝင်တွင် ခရီးသွားပြည်သူများ၏ ခရီးသွားမှတ်တမ်းရယူခြင်း၊ အပူချိန်တိုင်းတာခြင်းအား တာဝန်ကျဝန်ထမ်းများမှ နေ့စဉ်ဆောင်ရွက်နေလျက်ရှိရာ ဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်နေရစဉ် ထိတွေ့မှု အနည်းဆုံးဖြစ်စေရန်အတွက် အဆိုပါစက်များအား ထားရှိ အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန်တိုင်းတာ ရန်အတွက် Automatic Temperature Detector စက်၏ သတ်မှတ်နေရာတွင် လက်(သို့မဟုတ်) နဖူးပြ၍ တိုင်းတာလိုက်သည်နှင့် စက်မှအလိုအလျောက် အပူချိန်တိုင်းတာသွားမည်ဖြစ်ပြီး တိုင်းတာရရှိသော အပူချိန်အား ဒိုင်ခွက်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ကိုယ်အပူချိန်ထက်များပါက အချက်ပေးအသံများ ထွက်ပေါ်လာမည်ဟု သိရသည်။ အပူချိန်တိုင်းတာပြီးနောက် လက်ဆေးရန်အတွက် အဆိုပါ စက်၏အောက်တွင် Automatic Sensor Soap Dispenser အား ထားရှိပေးထားသော ခလုတ်နှိပ်စရာမလိုဘဲ လက်ပြလိုက်သည်နှင့် လက်ဆေးရည်ရရှိ၍ အလွယ်တကူ လက်ဆေးနိုင်သောကြောင့် တာဝန်ကျဝန်ထမ်းများ အတွက်သာမက ခရီးသွားပြည်သူများ အတွက်ပါ များစွာအဆင်ပြေစေလျက်ရှိကြောင်း သိရသည်။

အဆိုပါစက်များအား တစ်စုံလျှင် ငွေကျပ် (၂၉၈ဝဝဝ) ဖြင့် ()စုံ ဝယ်ယူထားရှိကြောင်းနှင့် ဝယ်ယူအသုံးပြုရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များ စုပေါင်း၍လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းမြင့် (ပြန်/ဆက်)