ကျောက်မဲ အောက်တိုဘာ ၅
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေး ပြီးပြီလား" လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ ဗဟိုဈေးကြီးရှိ ဈေးသည်များနှင့်ဈေးဝယ်သူ များအား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ယခုတစ်ကြိမ်မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊ အွန်လိုင်းမှတဆင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးသည့် နည်းလမ်းများ၊ ကိုဗစ်၁၉ ရောဂါဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ကို လွယ်ကူစွာရှာဖွေနိုင်ရန် သိထားရမည့် အချက်များ၊ မဲပေးပိုင်ခွင့် ရှိသူအနေဖြင့် မိမိနာမည်မပါဝင်က ပုံစံ ၃ ကို ဖြည့်စွက်၍ မဲစာရင်းများကပ်ထား ကြေညာစဉ် ၁၄ ရက်အတွင်း ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲထံသို့ လျှောက်ထားပေးရန်၊ ၊မပါဝင်သင့်သူ တစ်ဦးမဲစာရင်းတွင် ပါဝင်နေပါက ပုံစံ ၄ ကို ဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားပေးရန်၊ မဲဆန္ဒစာရင်းပါ မိမိ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ ပုံစံဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများတွင် မိမိအမည်ပါ၊မပါ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ့ရုံးများသို့ သွားရောက်ကြည့်ရှုကြရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှလည်း ၎င်းတို့နှင့် သက်ဆိုင်သည့် နေရာများတွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း( ပြန်/ဆက်)