နမ့်ဆန် မေ ၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနား စသည်များတွင် အခမ်းအနားတစ်ခု အောင်မြင်ပြီးမြောက်အောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟု ခေါ်ဆိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ဝန်ထမ်းများအား ဆက်လက်သင်ကြားပေးလျက်ရှိရာ အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းအကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ခရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်း၊ စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြား ပြသပေးကြောင်း သိရသည်။
အဆိုပါ တင်တန်းတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဒေသအဆင့်၊ မြို့နယ်အဆင့်ရုံးများမှ ဝန်ထမ်း(၂၆)ဦးအား မေလ(၈)ရက်နေ့မှ (၁၀)ရက်နေ့ထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)