နေပြည်တော် အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
လှူဒါန်းပွဲတွင် မြန်မာ့ဩဘာလုပ်ငန်းစုမှ အလှူငွေကျပ် (၁၀) သိန်း၊ Mask (၄၀၀)ခု နှင့် ဟိုက်ပိုကလို ရိုက်ပိုးသတ်ဆေးရည်ဘူး(၅၀)ဘူးတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် (ပျဉ်းမနား)မှ အလှူငွေကျပ် (၁၅) သိန်း တို့ကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)