တွံတေး မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအသိပေးနိူးဆော်ခြင်း၊ မုန်တိုင်းကြရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့်စားဝတ်နေရေးနေထိုင်ရေးများ ကူညီဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ကြကြောင်း သိရသည်။
မိုးတွင်းကာလတွင် လေပြင်းတိုက်ခတ်သည့် ဘေးအန္တရာယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေကြီးနစ်မြုပ်သည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရလေ့ရှိရာ ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားခြင်းဖြင့် အချိန်တိုအတွင်း ထိရောက်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ငြိမ်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်း အဆင့်ဆင့်ကို လူနှင့်အသက်ကယ်ပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)