ကျောက်ဆည် မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများတိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီက Book Club အဖွဲ့ဝင်များ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ပျိုးတတ်မှစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းဖြင့် အသိအမြင် ဗဟုသုတများ ပိုမိုတိုးပွားကြွယ်ဝလာပြီး စာဖတ်ရှိန်များလည်းမြင့်မားလာကြောင်း၊ စာပေဖတ်ရှုသူများသည် အသိဉာဏ်ပညာကြွယ်ဝသည့်အတွက် တိုးတက်အောင်မြင် သူများဖြစ်ရန် သေချာကြောင်းနှင့် Book Club အဖွဲ့ဝင်များအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့လာရောက် ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးနေထွန်းက မိဘတိုင်း ရင်သွေးရင်နှစ်သားသမီးများအား ချစ်ကြကြောင်း၊ ကောင်းသော၊ တော်သော သားသမီးများ ဖြစ်စေချင်ကြကြောင်း၊ ဥယျာဉ်မှူးသည် ပန်းကောင်းရရန်အတွက် ရေ၊ လေနှင့် နေရောင်ခြည် ကောင်းစွာရှိသည့် မြေဆီမြေကောင်းတွင် ပန်းပင်ကို ပြုစုပျိုးထောင်ရသကဲ့သို့ သားကောင်း သမီးကောင်းရလိုသူများအနေဖြင့်လည်း သားသမီးမရခင်ကတည်းက သားကောင်းသမီးကောင်း ရလိုစိတ်ဖြင့် ရှောင်ရန်/ဆောင်ရန်များကို သတိထားပြီး မိမိရင်သွေးအတွက် မေတ္တာထားပြီး လူမမယ်အရွယ်မှစ၍ ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများ လိုလေသေးမရှိအောင် ပြုစုပျိုးထောင် ပေးရကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်စမ်းစိမ့်စိမ့်မိုးက မိခင်လောင်းများအနေဖြင့် ကျန်းမာသန်စွမ်းသော သားသမီးများပိုင်ဆိုင်နိုင်ရေး၊ ကလေးငယ်စဉ်ဘဝကပင် လအလိုက်၊ နှစ်အလိုက်၊ အသက်အရွယ်အလိုက် ပြုစုပျိုးထောင်ရန်လိုကြောင်း၊ အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ငယ်စဉ်ကပင် ကျောင်းသွားချိန်သွား၊ ကစားချိန်ကစား၊ စားချိန်စား၊ စာကြည့်ချိန်စာကြည့် စနစ်ကျအောင် သတ်မှတ်ပေးရန်လိုကြောင်း ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်က မိမိတို့သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)