သန်လျင် အောက်တိုဘာ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေစားသောက်ကုန်များဖြစ်သော သားငါးနှင့် ဟင်းသီးဟင်းရွက် ရေားင်းချသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက် များနှင့် အညီ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများက သန်လျင်မြို့မဈေးကြီးအတွင်း သားငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချ နေမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ သတ်မှတ်ထားသည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိ လှည့်လည် စစ်ဆေးကြပြီး မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်းများအတိုင်း ဈေးရောင်းချမှု မရှိပါက စည်းကမ်းဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်ရေးနှင့် ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ပြန့်နှံ့မှုမှကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ် သူပြည်သူများ စည်းကမ်းတကျ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ ပြည်သူများအတွက် မဖြစ်မနေ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါး အရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်းနှင့် ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဈေးတာဝန်ခံများ၊ ဈေးသူဈေးသားများက ဈေးများအတွင်း ဈေးရာင်းချသူများနှင့် ဈေးဝယ်သူများ ရောဂါကူးစက်ပြန့်နှံမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)