ညောင်ဦး မေ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေး လာရောက်သည့်အခါ ပုဂံမြို့ဟောင်းမှ ချောက်သွားသည့်ကားလမ်း၊ မြင်းကပါကျေးရွာတောင်ဘက် အပယ်ရတနာဘုရားဖူးမြှော်ပြီး နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အပယ်ရတနာဘုရားသည် ကျန်စစ်သားမင်းကြီး မင်းမဖြစ်မီအချိန်က စောလူးမင်း၏အမျက်ရန်ငြိုးကြောင့် နဂါးရုံဘုရားတည်ရှိသည့် နေရာ၌ထွက်ပြေးရန် ပုန်းရှောင်နေစဉ် အပါယ်ရတနာမိဖုရား ထမင်းပို့ခဲ့သောနေရာကို မင်းဖြစ်သည့်အခါတွင် ချစ်မြတ်နိုးသောမိဖုရားကြီးအား အထိမ်းအမှတ်အဖြစ် ဘုရားတည်ခဲ့ကြောင်းကို အပါယ်ရတနာဘုရား အရှေ့တောင်ဘက်ရှိ သက်တော်ရှည် ဘုရားအတွင်း နှောင်းခေတ်တွင်မှတ်တမ်းတင်ရေးထိုးထားသောမင်စာအရသိရသည်။ အပါယ်ရတနာဘုရားသည် အေဒီ ၁၁ ရာစုလက်ရာ အာရုံခံမြောက်ဘက်လှည့်စေတီ ပေါက်ဂူဘုရားလည်းဖြစ်ပါတယ်။ နံရံဆေးရေး ပန်းချီလက်ရာများမှာ မဟာယနဆိုင်ရာ ရုပ်ပုံများ၊ ထေရဝါဒဆိုင်ရာရုပ်ပုံများ၊ ဗြဟ္မဏဘာသာဆိုင်ရာ နတ်ရုပ်ပုံများကို စီတော်ယာဉ်များနှင့်တကွ စုံလင်စွာရေးဆွဲထားတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ငါးရာ့ငါးဆယ်ဇာတ် နံရံဆေးရေးပန်းချီများကို မင်စာများဖြင့်ရေးထိုးတာကိုလည်း အပါယ်ရတနာ ဘုရားမှာထပ်မံလေ့လာနိုင်ကြောင်း သိရသည်။
အပါယ်ရတနာဘုရား၏ အရှေ့ဘက်တွင် နဂါးရုံဘုရား၊ တောင်ဘက်တွင် စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရား၊ ကျောက်မျက်မှော်ဘုရား၊ စိမ်းညက်အမဘုရား၊ မြောက်ဘက်တွင် မနုဟာဘုရား၊ နန်းဘုရား၊ မြစေတီဘုရား၊ဂူပြောက်ကြီးဘုရားနှင့် ရှေးဟောင်းပုဂံဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကိုလေ့လာဖူးမြှော်နိုင်ကြောင်းလည်း သိရသည်။
ဒီပါလင်း