၂၀၂၃ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲအခမ်းနားကျင်းပ

မန္တလေး မေ ၇

၂၀၂၃ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမှ ဌာနမှူးများနှင့်တာဝန်ရှိသူများ၊ ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံဒိုင်များနှင့် ဆုရဓာတ်ပုံပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် ဓာတ်ပုံပညာရပ်သည် အနုပညာနှင့် သက်ဝင်ဆောင်ရွက်ရတာဖြစ်ပြီး ခေတ်စနစ်တစ်ခု၏ မှတ်တိုင်များအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာအတာသင်္ကြန်ပုံရိပ်များ နှစ်အလိုက် မှတ်တမ်းမှတ်ရာ ကျန်ရှိရေးနှင့် ထူးချွန်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်နိုင်ရေး ရည်ရွယ်၍ အားပေးချီးမြှောက်ရခြင်း ဖြစ်ပါကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဓာတ်ပုံပညာရှင် (၂၉)ဦး၏ ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း (၈၇)ပုံမှ ဓာတ်ပုံသဘောအရ ကောင်းမွန်သည့်ဓာတ်ပုံဆုရရှိသူများကို ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်ခြင်းဖြစ်ပါကြောင်း ပြောကြားပြီးနောက် အကဲဖြတ်အမှတ်ပေးဓာတ်ပုံ ဒိုင်ပညာရှင်တစ်ဦးက  အမှတ်ပေးရွေးချယ်ပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၄)သိန်း၊ တတိယဆု ကျပ်(၃)သိန်းနှင့်  အထူးဆုရရှိသူ (၇)ဦးများအား ကျပ်(၂)သိန်းစီ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများချီးမြှင့်၍ ပထမဆုရ ဦးအောင်မင်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ  စုပေါင်းမှတ်ဓာတ်ပုံ ရိုက်ကူးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြသထားသည့် ဆုရဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်