ဇမ္ဗူသီရိ မေ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးဖြင့် မေလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းနည်းပြဆရာမ ယွန်းဝတီစိုးက ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့လက်တွေ့ဖြင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)