ကျောက်ဆည်မြို့တွင် စပါးမျိုးစေ့ပက်ကျဲစိုက်ခင်းများ၌ ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်၊ ကြားပေါင်းလိုက် ကိရိယာ အသုံးပြုခြင်းဖြင့်တောင်သူများ စပါးအထွက်နှုန်းပိုမိုကောင်းမွန်

ကျောက်ဆည်  အောက်တိုဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန့်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)၊ အမှတ်(၂)စက်ရုံမှ စပါးမျိုးစေ့ပက်ကျဲ စိုက်ခင်းများအတွက် တီထွင်ထုတ်လုပ်ထားသော ထွန်စက်ဖြင့် တွဲဖက်အသုံးပြုရသည့် စိုက်တန်းဖော် ကြားပေါင်းလိုက် ကိရိယာအသုံးပြုခြင်းဖြင့် တောင်သူများ၏ စပါးစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုကောင်းပြီး စပါးအထွက်နှုန်းပိုမိုကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ စိုက်တန်းဖော် ကြားပေါင်းလိုက် ကိရိယာအား ငှက္ကတောင်ကျေးရွာ၊ ကွင်းအမှတ် ၁၃၉(က)၊ ပတ္တာကျေးရွာ ကွင်းအမှတ် ၂၀၉(ခ)၊ ဝမ်းကာဆိပ်ကျေးရွာ ကွင်းအမှတ် ၂၈၅၊ မှိုင်းပန်ကျေးရွာ ကွင်းအမှတ် ၂၃၀(က) ရှိတောင်သူများ၏ တိုက်ရိုက်မျိုးစေ့ချ စပါးစိုက်ခင်း (၂၂.၉)ဧကတွင် အသုံးပြုပြီးဖြစ်ရာ အကျိုး ကျေးဇူးများရှိသောကြောင့် အခြားတောင်သူများမှလည်း အသုံးပြုရန်အတွက် ကမ်းလှမ်းမှု များရှိကြောင်းလည်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် စိုက်တန်းဖော် ကြားပေါင်းလိုက် ကိရိယာအသုံးပြုခြင်းအားဖြင့် တိုက်ရိုက် မျိုးစေ့ချ ပက်ကျဲ စနစ်နှင့် စိုက်ပျိုးကြသည့် စပါးစိုက်ခင်းများတွင်ယခင်က နွားကိုအသုံးပြု၍ တစ်လခွဲသား အရွယ်တွင် လေဝင် လေထွက် ကောင်းအောင် ထွန်တိုက်ပြီး သားခွဲခြင်းများပြုလုပခဲ့ရာမှ အချိန်ကုန် သက်သာစေခြင်း  သွင်းအားစုဆေးများပက်ကျဲရာတွင် ကုန်ကျမှုသက်သာခြင်းအကျိုးကျေးဇူးများ ရရှိသည့် အပြင် စပါးစိုက်တန်းများ ပိပိပြင်ပြင်ဆောင်ရွက်ပေးနိုင်မှုကြောင့် စပါးအထွက်နှုန်းတိုးပွားကာ ဝင်ငွေများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးကျော်စိုးက ပြောပြ၍သိရသည်။

သက်မောင်(ကျောက်ဆည်)