ငါ့သရောက် အောက်တိုဘာ ၅
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာတို့တွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား အသက်အရွယ်အလိုက်လစဉ် ဘီစီဂျီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)