ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျွဲနွားထောက်ကျေးရွာအုပ်စုသို့ အခမဲ့ကွင်းဆင်းကာ ရောဂါရှာဖွေ ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပြင်ဦးလွင် မေ ၆

ကျေးလက်နေပြည်သူများအနေဖြင့် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းလုပ်ငန်းများကို မြို့ပြနေ ပြည်သူများနည်းတူတစ်ပြေးညီရရှိစေရေး၊ ဆေးဝါးလာရောက်ကုသမှုခံယူရာတွင်လည်း one stop service ဖြင့်ကုသမှုခံယူနိုင်ရေးနှင့် ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေးအသုံးစရိတ်လျော့ချနိုင်ရေးရည်ရွယ်၍ ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာအုပ်စုသို့ အခမဲ့ရောဂါရှာဖွေဆေးကုသပေးခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခမဲ့ရောဂါရှာဖွေဆေးကုသမှုပေးခြင်းများဆောင်ရွက်ရာ ကျွဲနွားထောက်ကျေးရွာသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကလာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယခုကဲ့သို့ကွင်းဆင်းကုသမှုသည် ပြင်ဦးလွင်မြို့နယ်အတွင်း ဒုတိယအကြိမ်အဖြစ် ကွင်းဆင်းကုသခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆေးကုသမှုများအပြီးတွင် ကူးစက်ရောဂါများနှင့် မကူးစက်တတ်သောရောဂါများအကြောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးအကြောင်း၊  တစ်ကိုယ်ရေကျန်းမာရေးအကြောင်း အစရှိသည့် ကျန်းမာရေးအသိပညာပေးမှုများကို ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ဟောပြောခဲ့ကြောင်း သိရသည်။ ယနေ့အခမဲ့ကွင်းဆင်းကုသမှုတွင် ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအိ ဦးဆောင်သော ဖျားနာ (ဆေးပညာ) အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကု ဆရာဝန်ကြီး၊ အကြောအဆစ်အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်၊သူနာပြုများက ဆေးဝါးကုသစောင့်ရှောက်မှုပေးခြင်း၊ ECG ၊ အာထရာဆောင်း၊ ဓာတ်မှန်၊ ဓာတ်ခွဲ ၊ မျက်မှန်၊ ဆေးဝါးထောက်ပံ့ခြင်းနှင့် Covid 19 Booster Dose ထိုးနှံခြင်းစုစုပေါင်း လူနာ ၁၆၂၈ ဦးအား အခမဲ့ ရောဂါရှာဖွေ ဆေးဝါးကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ခွဲစိတ်ကုသမှုများဖြစ်သည့် မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုခံယူရမည့် လူနာ ၃၃ ဦး အား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ နှုတ်ခမ်းကွဲအာ​ခေါင်ကွဲလူနာတစ်ဦးအား နေပြည်တော်ဆေးရုံတွင်လည်းကောင်း၊ အထွေထွေအကြီးစား ခွဲစိတ်မှုလူနာတစ်ဦးနှင့် အသေးစားခွဲစိတ်မှုလူနာသုံးဦးအား ပြင်ဦးလွင်ဆေးရုံကြီးတွင် ဆက်လက်ခွဲစိတ်ကုသမှု ခံယူနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ ဆက်)