ရန်ကင်းမြို့နယ်တွင် Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရန်ကင်း အောက်တိုဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပ သို့ ပြည်သူများ မလိုလားအပ်ဘဲသွားလာခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်၏ အဓိက လမ်းမကြီးများတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ဖြတ်ကျော်သွားလာနေကြသော မော်တော်ယာဉ်များကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး Stay at Home စည်းကမ်းများနှင့်အညီ ထောက်ခံချက် မပါသော၊ အကြောင်းပြချက် မခိုင်လုံသော လမ်းပေါ်ထွက်လာသူများအား လာရာအရပ်သို့ ပြန်လှည့်စေခြင်း၊ ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စ များမှလွဲ၍ မလိုလားအပ်ဘဲ သွားလာမှုများ မရှိစေရန် စသည်တို့ကို အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို We Love Yangon၊ We love Yankin၊ မိုးစေတနာပရဟိတ အသင်းတို့နှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)