နောင်ချို အောက်တိုဘာ ၅
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ယာဉ်ထိန်းများသည် ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ရှင်းပြည်နယ်မြောက်ပိုင်း၏ ဝင်ပေါက်ဖြစ်သည့် နောင်ချိုမြို့နယ်အဝင်ခြေမြစ်ပင်ဂိတ်၌ ယမန်နေ့က ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပါ/မပါ စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေးထားသော ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်း (Negative)ထောက်ခံချက် ပါရှိမှသာ ရှမ်းပြည် နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဖြစ်ပါက ခရီးသွားလာခွင့်အမိန့်ပါရှိရမည် ဖြစ်ကြောင်း ထောက်ခံချက်မပါရှိသူများကို ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက အလှည့်ကျ နေ့စဉ် (၂၄)နာရီ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်