တောင်ဥက္ကလာပမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးအတွက် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက်၊ ဒေဝဒဟလမ်း၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းအိမ်ရာ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ ပိုလီယိုသောက်ဆေး/ထိုးဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်း လျော၊ ပြင်းထန်အဆုတ်ရောင် ၊အသည်းရောင်(ဘီ)၊ ဂျပန်ဦးနှောက်ရောင်၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးပြီး၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)