လားရှိုးမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

လားရှိုး မေ ၅

၂၀၂၃ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လားရှိုး ခရိုင်/ မြို့နယ် မီးသတ်စခန်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ၂၀၂၂-၂၃ ခုနှစ် စံပြမီးသတ်စခန်းဆုရ မိုင်းရယ်မြို့နယ် မီးသတ်စခန်းအတွက် ဂုဏ်ပြုဆုအားလည်းကောင်း၊ ဒုတိယတိုင်းမှူးက ရှာဖွေကယ်ဆယ်ရေးသင်တန်းထူးချွန်ဆုရ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရှကျန်ဒေးဗစ်ချန်းဇုန်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အဆင့် ကျင့်ဝတ်ဖြေဆိုမှု အကြပ်အဆင့် ပထမဆုရ မီးသတ်ဒုတပ်ကြပ် ဇင်အောင်တို့အတွက် ဂုဏ်ပြုဆုများအားလည်းကောင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တာဝန်ရှိသူများက  အကြပ်အဆင့်သင်တန်းသာမန် အထက်ရရှိသော တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အလိုက် ယှဉ်ပြိုင်မှု ပထမဆုရရှိသော အဖွဲ့များ၊ အဖွဲ့အလိုက် စက်ကြီး/ စက်ကလေး ပထမဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့စွမ်းဆောင်ရည်များ သရုပ်ပြခြင်းအစီအစဉ် ဆက်လက်ကျင်းပရာ အထပ်မြင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း၊ Gas မီးလောင်မှုများတွင် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ လောင်စာဆီ မီးလောင်မှုများတွင် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ အမှောင်ထုအတွင်း ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းနှင့် သုံးရောင်ခြယ်မီးသတ်စက် စွမ်းရည်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)