အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေး အောက်တိုဘာ ၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင် အလှူရှင်မိသားစုက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၈နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)၊ ၈၂လမ်း၊ ၁၅လမ်း နှင့်၁၆လမ်း ကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စား‌သောက်ရေး အဆင်ပြေစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသည့် အနေဖြင့် စေတနာရှင် အလှူရှင် ဦးသီလ်ဗဟာဒူးနှင့် ဒေါ်ဆိုကာ "ဆင်နှစ်ကောင်ဖိနပ်ဆိုင်" မိသားစုက ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၆၀)စုအား ထောက်ပံ့လှူဒါန်းရာ အိမ်ထောင်စုတစ်စုလျင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၄၀)ကျပ်သားတို့ကို ထောက်ပံ့လှူဒါန်း‌ ပေးကြသည်။

ထို့အပြင် အလှူရှင်မိသားစုက ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ညပိုင်းလုံခြုံရေး ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်(၁၅)ဦးအတွက်ကိုလည်း တစ်ဦးလျင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၄၀)ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်သည်။

အဆိုပါ လှူဒါန်းရာသို့ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့် ရာအိမ်မှူးများက လူစုလူဝေး မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းကူညီ ထိန်းသိမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)