မောက်မယ် မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်း၌ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မုဒိတာဘာဝနာပွားများကြပါ တရားပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောက်စံဘုန်းတော်ကြီးကျောင်း နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် တရားပွဲသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ အရှင်သူမြတ်ထံ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်က ပရိတ်တရားတော်များဖြင့် ချီးမြှင့်ပြီး “မုဒိတာဘာဝနာပွားများကြပါ” တရားတော်ကို ဟောကြားတော်မူခဲ့ပြီး အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး တရားပွဲအခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ တရားပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တရားပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက် နာယူခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)