ညောင်ဦး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထားသည့် (ကွာစေ့)ဖရုံစိုက်တောင်သူများ ယခုနှစ်တွင်အောင်မြင်ဖြစ်ထွန်းမှုမရှိကြောင်း ကျောက်စစ်ကန်ကျေးရွာ (ကွာစေ့)ဖရုံစိုက်တောင်သူ ဒေါ်တင်မာအေးကပြောကြားသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် (ကွာစေ့)ဖရုံစိုက်ပျိုးခြင်းအား နှစ်စဉ်နှစ်တိုင်း ဝါဆိုလတွင်းယာမြေထဲတွင် ကြဲပက်စိုက်ပျိုးကြကြောင်းသိရပြီး နှမ်းနှင့် သော်လည်းကောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့နှင့်ရောကာကြဲပက်စိုက်ပျိုးထားကြောင်း အသီး နုချိန်တွင် ပိုးတီ(စီ)ရစ်ကာဖရုံချဉ်လုပ်သိပ်ထားပြီး ညောင်ဦးဈေး၊ငါ့သရောက်ဈေး၊ တောင် ဇင်းဈေးတို့တွင်ရောင်းချခြင်း၊ အသီးနုခူးရောင်းချကြကြောင်း ဒေါ်တင်မာအေး က ရှင်းပြ သည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများကြဲပက်စိုက်ပျိုးသည့် (ကွာစေ့)ဖရုံအား အခြားဒေသများတွင် ဖရဲသီးဟုခေါ်သော်လည်းကျေးလက်တောင်သူများမှာ ဖရုံဟုသာခေါ်ကြောင်း၊ ဖရုံသီးရင့်မှည့်ချိန် အစေ့သာယူပြီး အသားနှင့်အခွံအား နွားစာအဖြစ် အသုံးပြုကျွေးကြောင်းသိရသည်။ ယခုနှစ်တွင် ဖရုံစေ့တစ်တင်း နှစ်သောင်းရှစ်ထောင် ကျပ်သာ ရောင်းချရပြီး အခါတိုင်းနှစ်များတွင် (ကွာစေ့)ဖရုံစေ့တစ်တင်း သုံးသောင်း ငါးထောင်ကျပ် အထက်ရောင်းချခဲ့ရကြောင်း ၊ယခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ဖြစ်ခြင်းကြောင့် ကျေးလက်တောင်သူများရသည့် စိုက်ပျိုရေးထွက်ကုန်များလည်း ဈေးနှုန်းကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း (ကွာစေ့)ဖရုံစိုက်တောင်သူများက ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD