အင်းစိန်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့အင်္ဂလိပ်စကားပြောနှင့် တရုတ်စကားပြောသင်တန်းများဖွင့်လှစ်ပေး

ရန်ကုန် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊အတွေးအခေါ်များ မြင့်မားလာစေရန်၊ အင်္ဂလိပ်နှင့်တရုတ်စကားပြောပညာများ ရရှိနိုင်စေရန် ရည်ရွယ်၍အခမဲ့ အင်္ဂလိပ်စကားပြောနှင့် တရုတ်စကားပြောသင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်သည်။

ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာဝင်းနွယ်(ပုသိမ်)က အမှာစကားပြောကြားပြီးနောက် အင်္ဂလိပ်စကားပြောနှင့် တရုတ်စကားပြောသင်တန်းနည်းပြဆရာဦးဝင်းသန်းက စကားပြောသင်တန်းများ သင်ကြားပေးရခြင်းအကြောင်းနှင့် သင်ကြားမည့်ပုံစံများကို ပြောကြားသည်။

အင်္ဂလိပ်စကားပြောနှင့်တရုတ်စကားပြောသင်တန်းကို သင်တန်းနည်းပြဆရာဦးဝင်းသန်းက ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးဖြင့် အင်္ဂလိပ်စကားပြောသင်တန်းကို နံနက်(၁၀)နာရီအချိန်မှ နေ့လယ်(၁၂)နာရီအချိန်အထိလည်းကောင်း၊ တရုတ်စကားပြောသင်တန်းကို မွန်းလွဲ(၁)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအချိန်အထိလည်းကောင်း၊ မေလ(၄)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

နွေရာသီ ကျောင်းပိတ်ရက်များ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အတတ်ပညာ ဗဟုသုတရရှိစေမည့် အခမဲ့သင်တန်းများနှင့်ပြိုင်ပွဲများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)