မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မီးသတ်ဦးစီးဌာနမှ နေအိမ်အရောက် အခမဲ့ရေများလှူဒါန်း

မော်လမြိုင်  မေ   ၅

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေအခက်အခဲဖြစ်လျက်ရှိသည့် ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်းရှိ  မီးသတ်စခန်းများမှ လှူဒါန်းပေးလျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ ရေအခက်အခဲဖြစ်နေသည့် လှိုင်၊ သာယာအေး၊ ‌ရွှေမြိုင်သီရိရပ်ကွက်ပြည်သူများအား နေအိမ်များအရောက် အခမဲ့လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းပေးရာတွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိုးကျော်သူဦးဆောင်၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်များဖြင့် ရေဂါလံ(၁၇၈၀၀)ကို ရပ်ကွက်ရှိ ပြည်သူများအား မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် နေအိမ်များအရောက် အခမဲ့ကုသိုလ်ပြု ရေများလှူဒါန်းပေးခဲ့ကြသည်။

ထို့အတူ မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရပ်ကွက်/ကျေးရွာများတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား ခရိုင်/မြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများမှ သွားရောက်၍  ရေများအခမဲ့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြပြီး မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲဖြစ်သည့် ပြည်သူမျာအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်