မန္တလေး မေ ၄
ကျောင်းသား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတမြင့်မားစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်များ နွေကျောင်းပိတ်ရက်များတွင် အားလပ်ချိန်များကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာပေဖတ်မှတ်လေ့လာခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများနှင့် ပြည့်စုံသည့် လူကောင်း၊ လူတော်များဖြစ်လာစေရန်၊ အမှား/အမှန်ကို ချင့်ချိန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိထားသည့် ဗဟုသုတများဖြင့် စာပေရေးသားခြင်း၊ အချင်းချင်းပြန်လည် ဆွေးနွေးကြခြင်းဖြင့် ပညာရဲရင့် ပွဲလည်တင့်စေရန် အစရှိသောရည်ရွယ်ချက်များဖြင့် စာအုပ်၊စာပေများကို ပိုမိုလေ့လာနိုင်စေရေးအတွက် စာအုပ်၊ စာစောင်ပြပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကျောင်းသားလူငယ်များက ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များကို ဖတ်ရှုလေ့လာကာ အသင်းဝင်ခြင်း၊ စာငှားပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်