ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် (၈၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် စည်ကားစွာကျင်းပ

ချောင်းဆုံ                မေ               ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ရောက်တိုင်း မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် တိုင်းရင်းသားဝတ်စုံများနှင့် အဖွဲ့လိုက်ညောင်ရေသွန်းပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့ရာ ယမန်နေ့က (၈၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို စည်ကားစွာ ပြုလုပ်ခဲ့ကြသည်။

ညောင်ရေသွန်းပြိုင်ပွဲကို (၁၉၄၂) ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၈၁) ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း မိမိတို့ကျေးရွာနှင့် မိမိတို့လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ယဉ်ကျေးမှုအမွေအနှစ်ကို မျိုးဆက်သစ် လူငယ်လူရွယ်များ မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ညောင်ရေသွန်းလောင်းအဖွဲ့များအနေနဲ့ ယဉ်ကျေးမှုနှင့်အညီ တူညီဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာအတွင်းရှိ မဟာဗောဓိပင်များအား လှည့်လည်သွန်းလောင်းကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ညောင်ရေသွန်းပြိုင်ပွဲကို ရပ်ဝေး/ရပ်နီးမှ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် ဗုဒ္ဓနေ့အထိမ်းအမှတ်ဖြင့် နံနက်ပိုင်းတွင်လည်း ရွာလုံးကျွတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကိုလည်းကောင်း မွန်းလွဲပိုင်းတွင် ကျေးရွာအတွင်း စတုဒိသာမဏ္ဍပ်များဖြင့် ကျေးမွေးခြင်းနှင့် ညနေပိုင်းအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)