ဒဂုံတောင် မေ ၄
မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကောင်းမှုကုသိုလ်ပြုလုပ်သူများနှင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
ထိုနေ့ထူးနေ့မြတ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် ဦးဘိုးလှစေတီတော်မြတ်ကြီး၊ ကျောက်စိမ်းဘုရားများအပါအဝင် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဘုရားစေတီများတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသူများ၊ အသက်ရှည်ကျန်းမာစေရေး ညောင်ကိုင်းထောက် ပူဇော်သူများ၊ ငှက်ဘေးမဲ့လွှတ်သူများ၊ ဥပုသ်သီလစောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်း ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သန်းသန်းအေး