လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖျားနာကုဆေးခန်းသို့ ဆန်၊ ဆီ၊ Maskနှင့် အစားအသောက်များ လာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂)ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင်ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်း သို့ ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က ဒေါက်တာနေလင်းအောင်နှင့်အဖွဲ့ က ဆန်၊ ဆီ များ နှင့် Volunteer များအတွက် ထမင်းဘူးများနှင့် Surgical Mask (၅၀၀၀)ခု လာရောက် လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် ဖျားနာကုဆေးခန်းသို့ လာရောက်ပြသသည့်လူနာများမှ  Quarantine Centre သို့ ပို့ဆောင်ရသည့် သံသယ လူနာများ၏ မိသားစုများအား ထောက်ပံ့ လှူဒါန်းရန် အတွက် ဆန်(၁)အိတ်လျှင် (၃၂၀၀၀)ကျပ် တန်းဖိုးရှိ (ဇီယာ)ဆန်(၅)အိတ်၊ ဆန်(၁ ) အိတ်လျှင် (၃၂၀၀၀)ကျပ် တန်းဖိုးရှိ (ဆင်းသွယ်) ဆန်(၁၂)အိတ်၊ စားသုံးဆီ တစ်ပုလင်း (၁၅၅၀)ကျပ် တန်ဖိုးရှိ ဆီ(၄၀)ပုလင်း စုစုပေါင်း ငွေကျပ် (၆၀၁၀၀၀)တန်ဖိုးရှိ ဆန်နှင့် ဆီများနှင့် ဖျားနာကု ဆေးခန်းတွင် လာရောက် ကူညီပေးနေသော စေတန့ာဝန်ထမ်းများအတွက် ထမင်း ဘူးများ ၊ Surgical Mask (၅၀၀၀)ခု တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ခံဆရာဝန် ဒေါက်တာ နိုင်မင်းထွဋ် က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန် လည် ပြောကြားခဲ့သည်။

လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှအလုပ် သမား များနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်−၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ယခုလို ကာလအတွင်း မြို့နယ်ဆေးရုံကြီးနှင့် လှိုင်သာယာဖျားနာကု(အခမဲ့)ဆေးကုခန်းကိုသာ အားကိုးလျက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံအရသာပျောက်ဆုံးသူများအနေဖြင့် အချိန်တိုအတွင်း ဆေးကုသမူခံယူ နိုင်ရန်နှင့် ကိုဗစ်−၁၉ရောဂါ သံသယရှိသည့်လူနာများကိုလည်း စောလျှင်စွာ ကျန်းမာရေး စောင့် ရှောက်မူ ခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျက်ရှိရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရန် အတွက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)