နမ့်ခမ်းမြို့၌ မိုးစပါးစံကွက်များစတင်ရိတ်သိမ်းပြီး တစ်ဧကလျှင် (၁၃၇) တင်းကျော်ထွက်ရှိ

 

နမ့်ခမ်း     အောက်တိုဘာ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်ခမ်းမြို့ နောင်ခန်ကျေးရွာမှ တောင်သူဦးစိုင်းမောင်အေး၏ လယ်ယာတွင် စိုက်ပျိုး ထားသည့်မိုးစပါးစံကွက်ကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က စတင်ရိတ်သိမ်းပြီး ချိန်တွယ် ခဲ့ရာ  (၁)ဧက လျှင် စပါးအစို(၁၃၇.၆၃)တင်းထွက်ရှိကြောင်းသိရသည်။

 မြို့နယ်ရှိ မိုးစပါးစံကွက်တွေမှာ စပါးအထွက်တိုး(UD16)မျိုးကို စိုက်ပျိုးထားပြီး အခြားစပါးမျိုးထက် အောင်မြင်ဖြစ်ထွန်းပါတယ်၊ ယခု စံကွက်ရိတ်သိမ်းပြီး စပါးအစို(၁)ဧကမှာ (၁၃၇.၆၃)တင်းထွက်ရှိတယ်၊ စပါး အခြောက်(၁၂၃.၈၇)တင်းနဲ့ ညီမျှပါတယ်"ဟု မူဆယ်ခရိုင်၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးမျိုးဆွေက ပြောကြားသည်။

ဆက်လက်ပြီး နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦးက " မျိုးစပါး ကောင်းရမယ်၊ လယ်သမားတွေ လုံ့လဝိရိယကောင်းရမယ်၊ စိုက်ပျိုးရေးဦးစီးဌာနက  လိုအပ်တဲ့ နည်းပညာ ၊ သွင်းအားစု ပံ့ပိုး ပေးနိုင်ခြင်းတို့ကြောင့် စပါးအထွက်တိုးကောင်းခြင်းဖြစ်တယ်"လို့ ရှင်းပြသည်။

မိုးစပါးစံကွက်  ရိတ်သိမ်းချိန်တွယ်ရာတွင် မူဆယ်ခရိုင်၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ ခရိုင် မြေစာရင်း ဦးစီးမှူး၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် နောင်ခန်ကျေးရွာမှ ရွာသူရွာသားများ လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)