တနိုင်း မေ ၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ် ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရန်ရည်ရွယ်၍ မေလ ၄ ရက်၊ နံနက် ၈ နာရီခွဲက ပူးပေါင်းအဖွဲ့ဖြင့် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ပြုလုပ်ရာတွင် လူစည်ကားရာနေရာများ၊ ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ စည်းကမ်းချက် များနှင့်အညီ နေထိုင်သွားလာလုပ်ကိုင်ရေး အသိပညာပေးပြီး၊ mask များ အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ (Mask Campaign) အား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်း၍ အသိပညာပေးခြင်းနှင့်အတူ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀) ကို စနစ်တကျ တပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)