ပင်းတယ မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြိုတွင် ကဆုန်လပြည့် (ဗုဒ္ဓ)နေ့ ညောင်ရေသွန်းပွဲအား ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်ဓမ္မာရုံ အတွင်းရှိ ရန်ပြေမာန်ပြေ ဂြိုလ်(၈)လုံးဘုရားတွင်ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းနှင့်ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မိသားစုဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသအတွင်းရှိဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဇနီး ဒေါ်ခင်းစန္ဒာစိုး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရန်ပြေမာန်ပြေဂြိုလ် (၈)လုံး ဘုရားတွင် ရှိသည့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသအတွင်းရှိဗုဒ္ဓဘာသာဝင် ပြည်သူများက ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ ဓမ္မစင်္ကြာ ဝတ်ရွတ်အဖွဲ့များကလဲ မြို့နယ်ဓမ္မာရုံအတွင်း၌ ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)