ကျောက်မဲ မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ဖြစ်သော ညောင်ရေသွန်းလောင်းပွဲတော်နှင့် ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက တိလင်ပရိယတ္တိစာသင်ကျောင်းတိုက်ဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက တိလင်ပရိယတ္တိဆရာတော် ဘဒ္ဒန္တလင်္ကာစာရာဘိဝံသအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ယဉ်ကျေးလိမ္မာ သင်တန်းသား/သူများက ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ဆိုင်ရာ သိကောင်းစရာ ကဗျာများကို အသီးသီး ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များက ကျောင်းဝန်းအတွင်းရှိ သယမ္ဘူ ဆုတောင်းပြည့်စေတီတော်မြတ်ကို လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး ကျောင်းဝန်းအတွင်းရှိ မဟာဗောဓိညောင်ပင်အား စုပေါင်းညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။
ကဆုန်လပြည့်နေ့သည် မြန်မာပြည်တစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန် စံတော်မူသည့်နေ့ ဖြစ်သည်။
မိုင်းထွန်း(ပြန်/ဆက်)