မိုးကောင်းမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

မိုးကောင်း မေ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ ဒသမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေသာလျောင်းပုရဝုဏ်အတွင်ရှိ မဟာဗောဓိပင်၌ ယမန်နေ့ ညနေ (၃)နာရီတွင် ကျင်းပခဲ့သည်။

ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ သာသနာရေးဓလေ့ပွဲတော်တစ်ခုဖြစ်သည့် ညောင်ရေသွန်းပွဲတော်ကို နွေဥတု၏ နောက်ဆုံးလ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင် ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည့် နေ့ထူးနေ့မြတ်အား ညောင်ရေသွန်းလောင်းပူဇော် ခြင်းဖြစ်သည်။

ဖွား၊ ပွင့်၊ ဟော၊ စံ ဗုဒ္ဓဖြစ်တော်စဉ် ရုပ်ပွားတော်များအား မြို့တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ညောင်ရေသွန်းပွဲတော် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။

ဆက်လက်၍ ရတနာမြိုင်ကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလခံယူတည်ဆောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ပင့်သံဃာ တော် အရှင်သူမြတ်တို့အား နဝကမ္မအလှူငွေဆက်ကပ်ကြသည်။

ယင်းနောက် ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့က အရပ်(၁၀)မျက်နာ မေတ္တာပို့ အမျှဝေခြင်းကို ရွတ်ဆိုကြ၍ တောင်ကျောင်းဆရာတော်ဘုရားက ရေစက်ချတရား ချီးမြှင့် တော်မူပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ခဲ့သည်။

ထို့နောက် သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ပြည်သူများက မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)