မံစီမြို့နယ်၌ (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မံစီ မေ ၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံစီမြို့မဈေး၌ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်မြန်နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့် ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်မှုကို ဈေးအတွင်း မီးလန့်မှု၊ မတော်တဆမီးလောင်မှုများ ဖြစ်ပွားလာပါက လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်စေရန်နှင့် မီးဘေးကြောင့် ပြည်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဈေးအတွင်း ဈေးသူဈေးသားများ လျှပ်စစ်မီး၊ ထင်းမီးဖိုများ စနစ်တကျ အသုံးပြုစေရန် လှည့်လည်ကြည့်ရှု စစ်ဆေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးပြည့်ဖြိုးအောင်က မီးသတ်ဆေးဗူးများ အသုံးပြုပုံနှင့် မီးငြိမ်းသတ်ပုံများကို ရှင်းလင်း ပြောကြားကာ လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်မှုကို တပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများကလည်း စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)