ကျောက်ဖြူမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဖြူ မေ  ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီအချိန်ပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ ကုမ္ပဏီဈေးကျောင်းတိုက် ဆရာတော် ဦးဓမ္မသေနထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များက ဗောဓိညောင်ပင်အား ဗုဒ္ဓရည်မှန်း၍ ညောင်ရေသွန်းလောင်းခဲ့ကြသည်။ ထို့နောက်စေတီယျရပ်ကွက်ရှိရပ်ကွက်နေပြည်သူများနှင့် ဘုရား ဖူးလာရောက်ကြသည့် ဧည့်ပရိတ်များက အမွေးနံ့သာရေများဖြင့် ဗောဓိညောင်ပင်အား သွန်းလောင်းကာ ကုသိုလ်ကောင်းမှူပြုကြသည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့်တာဝန်ရှိသူများသည် စေတီယျဓာတ်ပေါင်းစုစေတီတော်ရှိ ကျောင်းထိုင် ဆရာတော် ဦးရေဝတအား ဖူးမျှော်၍ နဝကမ္မအလှူငွေဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် ညောင်ရေသွန်းသို့တက်ရောက်လာကြသူများအား စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။

ဖြိုးဝေလင်း