ဒလမြို့နယ်၌ စောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းဆည်းမီးရှို့ဖျက်ဆီး

ရန်ကုန် အောက်တိုဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မြို့တွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် ဆေးရုံတို့မှ နေ့စဉ်ထွက်ရှိသော   စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်အနီးအနားရှိ ပြည်သူများ ရောဂါကူးစက်မှု မရှိစေရေးအတွက် စနစ်တကျထုတ်ပိုး၍ တစ်ရက်ခြားတစ်ကြိမ် သိမ်းဆည်းပေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ဒလမြို့နယ် တာဝန်ခံ ဦးဇာနည်ထွန်းက “ ကျွန်တော်တို့ Quarantine Centre နဲ့ ဒလ ဆေးရုံကြီးတို့ကနေ ထွက်ရှိလာတဲ့ အမှိုက်များကို ဆေးရုံ၊ ဆေးခန်းအမှိုက်သိမ်းယာဉ်နဲ့ တစ်ရက်ခြား တစ်ခါသွားရောက်ပြီး စနစ်တကျသိမ်းဆည်းပြီးတော့ မီးရှို့ ဖျက်စီးတယ်၊ တစ်ရက်ခြားကို အမှိုက်တန်ချိန် ၂ တန် လောက်ထွက်တယ်၊  အမှိုက်သိမ်းယာဉ်တစ်စီးနဲ့ စီစဉ်ပေးပါတယ်၊ ဝန်ထမ်းတွေကိုလည်း အန္တရာယ်ကင်းအောင် PPE ဝတ်စုံအပြည့် ဝတ်ဆင်ပြီး တော့ စွန့်ပစ် အမှိုက်တွေကို ကိုင်တွယ်ဆောင်ရွက်ပေးတာဖြစ်ပါတယ် ” ဟု ပြောသည်။

ဒလမြို့နယ်၌ လက်ရှိအချိန်တွင်  အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ  ၁၄ ခု ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး အဆိုပါ စင်တာများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကို တစ်ရက်ခြား တစ်ခါ သိမ်းဆည်းပြီး  ဒလသုဿန်၌ မီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်းသိရသည်။

နိုင်လင်းကျော်(ဒလ)