ကျောက်ဖြူ မေ ၄
၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် မရမာကြီးတိုင်းရင်းသားတို့၏ (၈)ကြိမ် မြောက် မရမာကြီးအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့ ချမ်းမြေ့သာယာအဝေးပြေးကားဂိတ်၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်တွေမြို့၊ မရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇောတိကနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာ စကားပြောကြပြီး မရမာကြီးအမျိုးသားနေ့အတွက် ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကာ ရခိုင်ပြည်နယ် မရမာကြီးစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ မရမာကြီးတိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် ဦးမောင်နုနုက မရမာကြီးအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးဘသိမ်း(စစ်တွေသိန်းနောင်)နှင့် ဦးဘရှိန် တို့က ဂုဏ်ပြုစကား များ အသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် မရမာကြီးအမျိုးသားအလံကိုင်အဖွဲ့က ဂုဏ်ပြုတေးဂီတသံစဉ်ဖြင့် တင်ဆက်ပေးပြီးနောက် မရမာကြီးအမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၆၀ အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ထောက်ပံ့ပေးအပ်ခဲ့ပြီး မရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းထံ မရမာကြီးတိုင်းရင်းသားရိုးရာဝတ်စုံများ အမှတ်တရ ပေးအပ်ခဲ့သည်။
ယင်းနောက် သာသနာဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ မရမာကြီးသံဃာတော် အရှင်သူမြတ် (၃)ပါးအား ထပ်ဆင့်ဂုဏ်ပြုအလှူငွေ ဆက်ကပ်ပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် ဦးဇော်နေညွန့်က ရတုဖြင့် ပူဇော်ဂုဏ်ပြုသီဆိုကာ မရမာကြီးအမျိုးသမီးငယ်များက ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြ ပြီး မရမာကြီးရိုးရာမုန့်ဖြင့် ကျွေးမွေးဧည့်ခံပြီးနောက် မရမာကြီးတိုင်းရင်းသားရိုးရာ အသုံးအဆောင် ပစ္စည်းများ ပြခန်းအတွင်း ပြသထားရှိမှုများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာသူများ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း