မောက်မယ် မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်း နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် စေတီတော် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် လှူပူဇော်သည့် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီကလည်းကောင်း မောက်စံဘုန်းတော်ကြီး ကျောင်းနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို နေ့လယ် ၁ နာရီက လည်းကောင်း အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စေတီထီးတော်တင်လှူပူဇော်ပွဲတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဦးဆောင်ပြီး သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် ဒေသခံဒါနရှင်ဓမ္မမိတ်ဆွေများက စုပေါင်း၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခဲ့သည်။ ယင်းနောက် မောက်စံဘုန်းတော်ကျောင်းနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော် ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ထံငါးပါးသီလခံယူ ဆောက်တည်၍ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရား တော်များချီးမြှင့်ခြင်း၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်းများဆောင်ရွက်ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုပ်သိမ်းပြီး အလှူရှင်များက ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်းနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် အောင်ဘာလေထီ ကံစမ်းမဲများ ဆက်လက်ဖေါက်ပေးခဲ့၍ ညပိုင်းတွင် ပျော်ပွဲရွင်ပွဲများနှင့် အဆိုအကများဖြင့်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)