မိတ္ထီလာ မေ ၄
မိတ္ထီလာမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးဧက ၁၃၆၉ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထိလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ ဒေသဝမ်းစာဖူလုံရေးအတွက် နှစ်စဉ် မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်နှင့် ရှမ်းမငယ် ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၉၃၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး နွေစပါးများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာတွင် နွေစပါးကို တိုက်ရိုက်အစေ့ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့ စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာကန်ရေဖြင့် ထမုန်ကန်၊ ခင်လူး၊ ကံကြီး၊ ကွက်ငယ်၊ လျော်ဖြူကန်၊ ရှမ်းတဲ၊ မကျီးစု၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကန်၊ ကျောင်းရွာ ကျေးရွာအုပ်စုများတွင် နွေစပါးစိုက်ဧက ၉၆၁ ဧကနှင့် ချောင်းကောက်ဆည်ရေဖြင့် ကုက္ကိုကုန်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးနိုင်ခဲ့သည်။ ၎င်းအပြင် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်နှင့် သီးကုန်းကျေးရွာအုပ်စုများတွင် နွေစပါး စိုက်ဧက ၁၅၇ ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ်ကျေးရွာအုပ်စုတွင် နွေစပါးစိုက်ဧက ၄၅ဧကတို့အပြင် ပုဂ္ဂလိက ဆည်ကန်ရေဖြင့် ၃၆ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)