အမရပူရ မေ ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ သမိုင်းဝင်ရွှေကြက်ယက်ဘုရားက ဆုန်ညောင်ရေသွန်းပွဲကို ကဆုန်လဆန်း ၁၄ ရက်နေ့ ညနေကကျေးရွာ အုပ်စု ၁၅ရွာက စီတန်း လှည့်လည်၍ ဖျော်ဖြေရေးယာဥ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုနည်းတူ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ စွယ်တော်မြတ်စေတီကြီးတွင်လည်း ယမန်နေ့နံနက်ပိုင်းက အနီးကျေးရွာရှိ ဝတ်ရွတ်သင်းများက ဖျော်ဖြေရေးယာဥ်များဖြင့် စီတန်းလှည့်လည်၍ ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ညနေက ဆင်ရွာမြင်းမှူးကျေးရွာအနီးရှိ ဝေယောဇနကျောက်စိမ်းစေတီညောင်ရေသွန်းပွဲကို စေတီအနီးကျေးရွာ ၂၂ ရွာက ဖျော်ဖြေရေးယာဥ်များဖြင့် လှည့်လည်ကြပြီး စေတီကိုလက်ယာရစ်လှည့်ပတ်ဖျော်ဖြေ ပြီးစေတီအတွင်းရှိ ဗောဓိညောင်ပင်ကို အလှည့်ကျ ညောင်ရေသွန်းလောင်းပေးခဲ့ကြောင်း သိရသည်။ ကျောက်စိမ်း စေတီတော်တွင် ကဆုန်လပြည့်နေ့က ဘုရားဖူးပြည်သူ စံချိန်တင်များပြားခဲ့ကြောင်း လူဦးရေ တစ်သောင်းခွဲကျော် လာရောက်ဖူးဖျော်လည်ပတ်ခဲ့ကြောင်း ဘုရားဂေါပကထံမှ သိရသည်။
စိုးသီဟ(အမရ)